သူ့ရဲ့အနာဂတ်ကို ဘယ်အသင်းမှာရှိမယ်ဆိုတာအသိပေးပြောဆိုသွားခဲ့ပြီဖြစ်တဲ့ ရော်နယ်ဒို

ဂျူဗင်တပ်စ်အသင်းနဲ့ အီတလီစီးရီးအေဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ အသင်းလိုက်အောင်ပွဲခံနေတဲ့ ဓာတ်ပုံကို သူ့ရဲ့အင်စတာဂရမ်မှာ ဖော်ပြခဲ့ပြီးနောက် သူ့ရဲ့ အနာဂတ်ကိုပါ တစ်ပါတည်းဖွင့်ဟသွားခဲ့ပါတယ်။ အသက် ၃၅နှစ်အရွယ် တိုက်စစ်မှူးဟာ ဂျူဗီအတွက် လိဂ်ဂိုး ၃၁ ဂိုးအထိ သွင်းယူပေးခဲ့သူလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုအတွက်တော့ ဒါဟာ စီးရီးအေချန်ပီယံဆုကို ၂နှစ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဂျူဗီကတော့ ၉ ကြိမ်ဆက်တိုက်ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။ အင်တာမီလန်ကို တစ်မှတ်အသာနဲ့ ဗိုလ်စွဲခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ အောင်ပွဲခံခဲ့ပြီးနောက်မှာ ရော်နယ်ဒိုက ၃ကြိမ်မြောက် ချန်ပီယံဆုအတွက် တိုက်ပွဲ၀င်သွားမယ်လို့ ရေးသားခဲ့ပြီး သူ့အနာဂတ်ဟာ ဂျူဗီမှာ ဆက်ရှိနေမယ်လို့ အသိပေးသွားခဲ့တာပါ။

“ဂျူဗင်တပ်စ်ရဲ့ ကိုးနှစ်ဆက်တိုက်ဆုဖလားအောင်မြင်မှုမှာ နှစ်ကြိမ်ပါ၀င်နိုင်ခဲ့လို့ ပျော်ရွှင်ရပါတယ်၊ ကြည့်ရတာ လွယ်ကူပေမယ့် အဲဒီလောက် မလွယ်ကူခဲ့ပါဘူး၊ တစ်နှစ်ပြီးတစ်နှစ် အရည်အသွေးပိုရှိအောင်၊ စိတ်ကိုပိုပြီးနှစ်ခဲ့ရသလို အလုပ်ကိုလည်း ကြိုးစားခဲ့ရပြီးတော့ အောင်မြင်မှုပန်းတိုင်ဆီရောက်အောင်၊ ပိုပြီးကောင်းအောင် အားထုတ်ခဲ့ရပါတယ်၊ ကျွန်တော့်ရဲ့ သုံးကြိမ်မြောက် အီတလီချန်ပီယံအတွက် ထပ်သွားပါဦးမယ်” လို့ ရော်နယ်ဒိုက ရေးသားခဲ့တာပါ။

နည်းပြဆာရီလက်အောက်မှာ ကစားရတာ အဆင်မပြေမှုတွေရှိနေတယ်လို့ သတင်းတွေထွက်နေခဲ့ပေမယ့်လည်း ရော်နယ်ဒိုကတော့ ၃၁ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၂နှစ်ဆက်တိုက်ရပ်တည်ခဲ့ပြီး အသင်းဆုဖလားဆွတ်ခူးခဲ့ရာမှာ အဓိကကစားသမားအဖြစ်ပါ၀င်ခဲ့ကာ စံချိန်မှတ်တမ်းကောင်းအများအပြားကိုလည်း ရယူနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *