ရော်နယ်ဒို၊နေမာ၊ဘာပေ တိုက်စစ်အတွဲ မြင်ရလေမလား

ပြင်သစ်လီဂူး ထိပ်သီးကလပ် PSG အသင်းဟာ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်အသင်းရဲ့ အဓိကတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ သူတို့အနေနဲ့ ရော်နယ်လ်ဒိုကို ခေါ်ယူမယ့်အစား အမ်ဘက်ပီနဲ့ နေမာတို့ကို စာချုပ်သစ်ချုပ်ဆိုနိုင်ရေး ဦးစားပေးလုပ်ဆောင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

သူတို့အသင်းဟာ အသက် ၃၅ နှစ်အရွယ် ဒီ ဝါရင့်တိုက်စစ်မှူးကြီးကို ခေါ်ယူဖို့ကြိုးစားနေတာ အခုမှမဟုတ်ပဲ၊ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက အသည်းအသန် ကြိုးပမ်းခဲ့တာပါ။

ဒါ့အပြင် ကလပ်အသင်းတာဝန်ရှိသူတွေဟာသူတို့အသင်းရဲ့ တိုက်စစ်တနေရာအတွက် ရော်နယ်လ်ဒိုကို ခေါ်ယူအားဖြည့်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်စစ်အစုအဖွဲ့တခုကို ဖန်တီးနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

နေမာနဲ့ အမ်ဘက်ပီတို့ဟာ လက်ရှိ ကမ္ဘာ့ဈေးအကြီးဆုံး တိုက်စစ်မှူးတွေဖြစ်ပေမယ့် ၊ ဒီတိုက်စစ်မှုးတွေနဲ့ ချန်ပီယံလိဂ် ရယူဖို့လောက်အထိ မမျှော်လင့်နိုင်ဘူးလို့ PSG အသင်းက ယူဆနေတာကြောင့် တိုက်စစ်အင်အား ထပ်ဖြည့်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

သူတို့အနေနဲ့ ရော်နယ်လ်ဒိုကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ၊ ရော်နယ်လ်ဒို-နေမာ-အမ်ဘက်ပီ တိုက်စစ်အတွဲဟာ ရပ်တန့်ဖို့မလွယ်တဲ့ တိုက်စစ်အတွဲ ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။

ဒါပေမယ့် PSG အသင်း တာဝန်ရှိသူတွေဟာ ယခုနှစ်နွေရာသီမှာ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်မှူးကြီးကို ခေါ်ယူရေးအစီစဉ် ခတ္တရပ်တန့်ထားပြီး လက်ရှိတိုက်စစ်မှူးတွေကို စာချုပ်သစ်ချုပ်ဆိုဖို့ ပိုမိုအလေးထားလုပ်ဆောင်တော့မှာဖြစ်ကြောင်း အီးအက်စ်ပီအမ် ကဖော်ပြခဲ့ပါတယ်။

နေမာနဲ့ အမ်ဘက်ပီတို့ နှစ်ဦးစလုံးရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့်၊ သူတို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထင်မြင်ချက်တွေ အမျိုးမျိုး ပေးနေကြတာ တွေ့ရပါတယ်။

သတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီမှာ အမ်ဘက်ပီကိုခေါ်ယူဖို့ ကြိုးစားလာနိုင်သလို၊ နေမာကိုလည်း ဘာစီလိုနာအသင်းက ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ဒီ ကြယ်ပွင့်ကစားသမားနှစ်ဦးဟာ PSG အသင်းမှာ များပြားလှတဲ့ လုပ်ခလစာတွေ ရရှိနေပြီး၊ အသင်းအနေနဲ့ သူတို့ကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် လုပ်ခလစာပမာဏ များစွာကုန်ကျနိုင်တာကြောင့် ဘက်ဂျက်ထိခိုက်ဖွယ် ရှိနေပါတယ်။

ဒါ့အပြင် လက်ရှိစီးပွားရေးအကြပ်အတည်းကြောင့် အသင်းတိုင်းအတွက် ကစားသမားသစ်ခေါ်ယူရေးနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ရေးတွေဟာ အခက်အခဲရှိနေပြီး၊ PSG အသင်းအနေနဲ့ ဘယ်အရာကို ဦးစားပေးသွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

တဖက်မှာလည်း ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ အသင်းရဲ့လုပ်ဆောင်ပုံတွေကို အားမရတာကြောင့် ယခုနှစ်နွေရာသီမှာ PSG အသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေခဲ့တာ တွေ့ရပါတယ်။

ဒီ တိုက်စစ်မှူးကြီးဟာ ကစားသမားဘဝက အနားမယူခင်မှာ နေမာ၊ အမ်ဘက်ပီတို့နဲ့ အတူတွဲကစားဖို့ ဆန္ဒရှိနေတာကြောင့် PSG အသင်းကို ရောက်ရှိသွားမလားဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။

ဒါ့အပြင် ပဲရစ်မြို့ဟာ ရော်နယ်လ်ဒိုရဲ့ အနှစ်သက်ဆုံး နေရာတခုဖြစ်ပြီး၊ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းနဲ့ ပြင်သစ်ကို ရောက်ခဲ့စဉ်ကတည်းက ဒီမြို့ကို သဘောကျနေခဲ့တာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှုဟာ အသင်းတိုင်းအတွက် အကြပ်အတည်းဖြစ်စေခဲ့တာကြောင့်၊ ပဲရစ်မြို့မှာ အခြေချချင်နေတဲ့ ရော်နယ်လ်ဒိုရဲ့စိတ်ကူးကို ပျောက်ပျက်သွားစေနိုင်သလို၊ ဂျူဗင်တပ်စ်အသင်း အနေနဲ့လည်း ယခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ ရော်နယ်လ်ဒို ခေါ်ယူစေချင်တဲ့ ကစားသမားတွေကို ခေါ်ယူပေးဖို့ သိပ်မဖြစ်နိုင်ပါဘူး။

ရော်နယ်လ်ဒိုဟာ စီးရီးအေမှာ အောင်မြင်ခဲ့တယ်လို့ ပြောလို့ရနိုင်ပြီး၊ အီတလီကို ရောက်ရှိချိန်ကတည်းကနေ ယခုအချိန်ထိ ဂျူဗင်တပ်စ်အသင်းနဲ့အတူ စီးရီအေချန်ပီယံဆု ၂ ကြိမ် ရရှိထားသူဖြစ်ပါတယ်။

သူဟာ ဂျူဗင်တပ်စ်အသင်းအတွက် ၈၉ ပွဲကစားပေးထားပြီး ၆၅ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်၊ ယခုနှစ် ဘောလုံးရာသီမှာလည်း စီးရီးအေဂိုးသွင်းဘုရင်ဆုနဲ့ လွဲချော်ခဲ့ပြီး၊ အင်မိုဘိုင်းလီရဲ့ ကျော်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

Share this:

Leave a Reply

Your email address will not be published. Required fields are marked *